Skip to main content

ဦးပိန်တံတား

တောင်သမန်အင်းကိုဖြတ်၍ တည်ဆောက်ထားသော သမိုင်း၀င်တံတားကြီးကို တောင်သမန်တံ တားဟု မခေါ်ကြဘဲ တံတားဒါယကာ စာရေးတော်ကြီး ဦးပိန်နှင့်တွဲ၍ ဦးပိန်တံတားဟုသာ ခေါ်ကြ ပါသည်။ (တောင်သမန်ကိုလည်း အချို့က တောင်တမန်ဟုခေါ်သည်။)
ပုဂံမင်းတရား လက်ထက် တော်တွင် မြို့၀န်ဘိုင်ဆပ်၏ မြို့စာရေးမှာ ဦးပိန်ဖြစ်သည်။ မြို့၀န်ဘိုင်ဆပ်အကြောင်းကို စာရေးသူ ရေးသည့် သမိုင်းသံသရာ စာအုပ်တွင် ” ပုဂံမင်းလက်ထက် မြို့၀န်ဘိုင်ဆပ်၏မျိုးရိုး ” ခေါင်းစဉ် ဖြင်ပါသည်။

ထိုဆောင်းပါး၏ အဓိက ဖော်ပြချက်မှာမြို့၀န်ဘိုင်ဆပ်သည် ပသီ(ယခုခေတ် ခေါ် အစ္စလာမ်ဘာသာ၀င်)ဖြစ်သော်လည်း အိန္ဒိယနိုင်ငံသား မဟုတ်၊ သူ၏မျိုးရိုးမှာ မဏိပူရ၊ ကူကီချင်း၊ ကသဲ(ကသည်း) စော်ဘွားမျိုးရိုးဖြစ်ပြီး ကသဲ(ကသည်း) စော်ဘွား” သနာဟံ “၏ ညီတော်စော်  ဘွား ” ဇင်ကွဲတာပံ ”သည် မြို့၀န်ဘိုင်ဆပ်၏ အဘိုးအရင်းပင်ဖြစ်ကြောင်း၊ သူ၏ အမည်အရင်းမှာ ဘိုင်ဆပ် မဟုတ်ကြောင်း၊ ” ဆေရက်ခန် ” ခေါ်ကြောင်း၊ ”ဘိုင်” ဆိုသည်မှာ သူတို့ဘာသာ စကား အရ ”အစ်ကို”ဟု သဘောရ၍ “ဆပ်”ဆိုသည်မှာ”ဆရာ” ဟုသဘောရ ကြောင်း၊ သို့ဖြစ်၍ ”ဘိုင်ဆပ်” ဆိုသည်မှာ”အစ်ကိ်ုဆရာ”ဟု အဓိပ္ပာယ်ရသဖြင့် တမင်ပင် အထက်စီးဖြင့်ခေါ်စေခြင်း ဖြစ်ဟန်တူကြောင်း ရေးသားခဲ့ပါသည်။

အမှန်မှာ ဘိုင်ဆပ်၏ မြန်မာ အမည်သည် ဦးအောင်မြတ် ဖြစ်ကြောင်း သူ၏သမီးမှမွေးသော သား၏သားဖြစ်သူ ဦးမောင်မောင်ကြီး(မန်း) ကရေးခဲ့သည်ကို ကိုးကား၍ ဖော်ပြခဲ့ပါသည်။ အချို့သော စာရေးဆရာများက ” တောင်သမန်(အင်း)တစ်ဖက်တွင် ပသီအများအပြား နေထိုင်ကြသည့် ဗုန်းအိုးရွာရှိသည်။ ဘိုင်ဆပ်တို့က ရွှေမြို့တော်တွင် အာဏာ သိမ်းလိုသောအခါ အလွယ်တကူ ပသီများလာရောက်၍ ကူညီရန် ဦးပိန်တံတားကို ဆောက်လုပ် ခြင်းဖြစ်သည်။ ” ဟုရေးသားခဲ့ကြသည်။

ထိုရေးသားချက်မှာ အခြေအမြစ် မခိုင်လုံသော ရေးသား ချက်သာဖြစ်သည်ဟု ဆိုချင်သည်။ ထိုစဉ်က မြို့၀န်ဘိုင်ဆပ်နှင့် မြို့စာရေး ဦးပိန်တို့စိတ်ထဲတွင် မည်သို့ရှိမည်ကို မသိရသော်လည်း မြို့၀န်နှင့် မြို့စာရေးဆိုသူတို့မှာ ခွဲခြား၍ မရသောသူများ ဖြစ်ပါသည်။ တစ်စိတ်တစ်၀မ်းတည်းသာဖြစ်မည်။ မြို့၀န်၏ အလိုကို မြို့စာရေးက မကျော်လွှားနိုင် ပေ။ ဦးပိန်သည်လည်း ပသီ(အစ္စလာမ် ဘာသာ၀င်)ဖြစ်သည်။

     စာရေးသူအနေဖြင့် တောင်သမန် အင်းကိုဖြတ်၍ ဆောက်ထားသော တံတား တစ်ဖက်တွင်ရှိသည့် ဗုန်းအိုးရွာမှ လူများက အမရပူရ မြို့တော်သို့ အလွယ်တကူ လာ၍ အာဏာသိမ်းရန်၊ ကူညီရန် ဖြစ်သည်ဆိုသည်ကို သဘောမတွေ့ ပါ။ အဘယ်ကြောင့်ဆိုသော် ထိုတစ်ဖက်ရွာမှ အမရပူရ ထီးနန်းသို့ ကုန်းကြောင်းဖြင့် ပတ်လာလျှင် ထိုတံတားမှဖြတ်၍ လာသည်ထက် နီးသည်ကို တွေ့ရသောကြောင့် ဖြစ် ပါသည်။ တံတားကြီး မ ဆောက်ခင် ဆာအာသာ ဖယ်ယာ ခေါင်းဆောင်သောဗြိတိသျှိ သံအဖွဲ့တစ်ဖွဲ့ အင်းဝြမို့သို့ လာကြ စဉ်က တောင်သမန်အင်းကို သူတို့ပိုင် သင်္ဘောဖြင့်ဖြတ်ပြီး ၀င်လာကြသည်မှာ နန်းတော်မြို့ရိုး အထိ ပေါက်ခဲ့သည်ဆိုသော သမိုင်းကြောင်းရှိသည်။

တံတားကြီးဆောက်ပြီးခဲ့သည့်နောက်တွင် နယ်ချဲ့ သင်္ဘောများနန်းတော်ဦးအထိ မရောက်နိုင်တော့ပေဟု ဆိုပါသည်။ အိမ်ရှေ့စံညီတော်ကနောင်မင်းက နောင်တော်မင်းတုန်းမင်းတရား အမရပူရနန်းမှမန ္တလေးသို့ ထီးရောနန်းပါပြောင်း ရခြင်းကို ထောက်ခံခြင်းမှာ အကြောင်းရှိသည်။ သက္ကရာဇ် ၁၂၁၇ ခုနှစ်၊ ဝါခေါင်လတွင်  အိန္ဒိယနိုင်ငံမှ ဗြိတ်ိသျှအစိုးရက အထက်မြန်မာနိုင်ငံတော်ကစေလွှတ်သည့် သံ တော်တို့တွင် ရာဇသံလက်ဆောင်တော်များနှင့် မှူးကြီးမတ်ကြီးတို့ကို စေလွှတ် ပါမည်ဟု လျှောက် ထားလိုက်ရင်းအတိုင်း၊ အင်္ဂလိပ်၀န်ကြီး ဆာအာသာဖယ်ယာပင် ခေါင်းဆောင်၍ အရာရှိ၁၇ယောက်၊ လူငယ် ၁၄၀၊ ဂေါ်ယာစစ်ပိုင် ၁၀၀၊ ဘင်ခရာအငြိမ့်တီး ဂေါ်ယာ ၁၅၊ လူငယ်နောက်ပါ ၁၇၀၊ မြင်း နှင့် မြင်းစီး ၁၅၊ စုစုအမှုထမ်းလူငယ် ၄၄၀၊ ၂စု ၄၅၇၊ မီးသင်္ဘော ၂စီး၊ တွဲသမ္ဗန်ကြီး ၂စင်းနှင့် လာ ရောက်ရာ မြန်မာအဖွဲ့ကမ မလွန်မြို့မှ ကြိုဆိုရပါသည်။

လမ်းစဉ်တစ်လျှောက်၌လည်း ထွက်၍ကြိုဆိုကြရသည်။ အရှင့်နန်းမတော်ဘုရား၀န်၊ အကောက်၀န်၊ ရွှေတိုက်၀န်၊ ဖောင်၀န်စာရေးကြီး၊ သင်္ဘောစာရေးကြီးတို့က ကျောက်တစ်လုံးမှနေ၍ ခတ်လှော်တော်၊ လှေလှော်တော်၊ လှေပေါင်း ၁၀၀၀ ကျော်နှင့် ကြိုယူသည်။ စစ်ကိုင်းမြို့ သံတဲသို့ရောက်လျှင် ၀န်ကြီး၊ ၀န်ထောက်တို့က နှုတ်ခွန်းဆက်သသည်။ စစ်ကိုင်းမြို့ သံတဲမှ တောင်သမန်သံတဲသို့ သံတို့စီးသည့် မီးသင်္ဘော ၂ စင်း၊ ဆွဲသမ္ဗန်ကြီး ၂ စင်း၊ ခတ်လှေ၊ လှော်လှေများနှင့် မြစ်ငယ်၀၊ ရွှေကြူးပေါက်လမ်းမှ တောင်သမန် အင်းအတွင်းသို့၀င်လာ၍ မကွေးမြို့စား ၀န်ကြီး အစရှိသော မြန်မာအရာရှိတို့က ကြိုဆိုဆောင်ယူ သည်။

ဤသို့ ဆာအာသာဖယ်ယာတို့သံအဖွဲ့၊ မီးသင်္ဘော ၂စင်း၊ ဆွဲသမ္ဗန်ကြီး ၂စင်းဖြင့် ဝါခေါင်လ တောင်သမန်အင်း ရေပြည့်နေချိန်တွင် ၀င်ရောက်လာသည်ကို အိမ်ရှေ့စံ ကနောင်မင်း မည်သို့မျှ  ဘ၀င်မကျဟု ဆိုလေသည်။ အမရပူရနန်းတော်သို့ တောင်သမန် ဦးပိန်တံတားကြီး ခံနေ၍သာ ကပ်ပြီး ရောက်မလာနိုင်ဖြစ်သည်။ ထို့ကြောင့် အမရပူရထီးနန်းတွင် ဆက်လက်စိုးစံပါက မိုးတွင်း လများတွင်ရန်သူအင်္ဂလိပ်တို့ ထီးနန်းအနီးအထိရေလမ်းမှ ၀င်ရောက်လာနိုင်သည်ကိုတွေးမိ၍ မန ္တလေးတောင်ခြေသို့ ထီးနန်းရောမြို့ပါပြောင်းရန်နောင်တော်မင်းတရားကြီး၏ အကြံကိုထောက် ခံခြင်းဖြစ်သည်ဟုဆိုပါသည်။

တက္ကသိုလ်နေ၀င်းဘာသာပြန်သည့်အင်းဝရောက် ဗြိတိသျှသံစာအုပ် တွင်လည်း ”အမရပူရမြို့ ပတ်၀န်းကျင်ကို တစ်နှစ်လျှင် နှစ်လကျော် ရေလွှမ်းမိုး လျှက်ရှိရာ လူအ များစီးပွားရေးအတွက်ကုန်ပစ္စည်းများ ၀ယ်ယူဖြတ်သန်း သွားလာရန်အတွက် အမြော်အမြင်ကြီး စွာဖြင့်တံတားကြီး ဆောက်လုပ်ခဲ့ခြင်းဖြစ်ပေသည်။” ဟု သူ့ဆောင်းပါးတွင် အတိအလင်းဖော်ပြ ထားပါသည်။

မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၄) အမရပူရမြို့အကြောင်းတွင် “ပုဂံမင်းလက်ထက်က မြို့စာရေးမောင်ပိန်သည် ထိုအင်းကိုဖြတ်၍ သင်သားတံတားကြီးတစ်ခု ဆောက်လုပ် လှူဒါန်းခဲ့ရာ ယခုတိုင် ရှိသေးသည်။ တောင်သမန်အင်းတစ်ဖက်တွင် ပုဂံမင်း တည်ထားခဲ့သော ကျောက်တော် ကြီးဘုရားရှိသည်။” ဟု ဖော်ပြထားရာ ပသီ(အစ္စလာမ်ဘာသာ၀င်)တစ်ဦးဖြစ်သော မြို့စာရေး ဦးပိန်သည် စေတနာဆန္ဒ အလျောက် တံတားဆောက်လုပ်လှူဒါန်းရာတွင် တံတားတစ်ဖက်တစ် ချက်ရှိ ရွာများမှ မြန်မာ ဗုဒ္ဓဘာသာ၀င်များ လွယ်လင့်တကူ အန္တရာယ်ကင်းရှင်းစွာ ဘုရားဖူးသွား နိုင်စေရန် စေတနာကိုလည်း မည်သူမျှ ငြင်းနိုင်မည် မဟုတ်ပါဟု မြန်မာ့ စွယ်စုံကျမ်းက ဆောက် လုပ်လှူဒါန်းခဲ့ ရခြင်းအကြောင်းကိုဖော်ပြထားပါသည်။

ဦးပိန်ဆောက်လုပ်ခဲ့သည်မှာ တောင်သမန်အင်းကိုဖြတ်သည့် တံတားကြီးတစ်စင်းသာမကဘဲ စကျင်ဝချောင်း ကိုဖြတ်လျက် တောင်ကြီး တံတား၊ ပန်းဘဲတံတား၊ မင်္ဂလာအမြှောက်ဗုံးအိုးဗုံထောင် တံတား၊ စကျင်တံတား၊ ရွှေလေး တံတား၊ တောင်မြင့် တံတား၊ ရွှေတောင်တံတား၊ ဂျင်းကုန်းတံတား၊ ရွှေတုံးတံတား၊ ကြက်မွေးတံတား စသည့်တံတား ၁၀စင်းကိုလည်း ဆောက် လုပ်လှူဒါန်းခဲ့ပါသည်။

ထိုတံတားများအနက် သွားလာ၍လွယ်ကူသော တံတားများကို စာရေးသူကိုယ်တိုင် လိုက်ကြည့်ခဲ့ ဖူးပါသည်။ တံတားများဆောက်ရန် လိုအပ်သောပန်းပဲသမားများနှင့် လက်သမားများနေထိုင်ရန် ပန်းပဲရွာနှင့်လက်သမားရွာကိုလည်း တည်ပေးခဲ့သည်ဆိုသည်။ ဦးပွားဘုရားအနောက်ဘက်၌ ရေ ကန်တစ်ကန်၊ ဘုရားကြီးလိပ်ကန်တို့ကိုလည်း တူးဖော်လှူဒါန်းပေးခဲ့လေသည်။

အမရပူရမြို့သစ် တည်သောအခါ အင်း၀နန်းတော်ဟောင်းမှ တိုင်နှင့်သစ်သားများကိုယူ၍တံတားဆောက်လုပ်သည် ဆိုသော ပါးစပ်ရာဇ၀င်ရှိသည်။ ဟုတ်မဟုတ် မပြောနိုင်ပါ။ သို့သော်ဦးပိန်သည်တံတားများ ဆောက်လုပ်ရန်အတွက် ကျွန်းသစ်ခုတ် ခွင့်ရရှိသည်။ မြစ်ရေကြီးသောအခါ ကျွန်းသစ်များကိုဖောင်     ဖွဲ့ပြီး သယ်ဆောင်ခဲ့ရသည်ဟု အမရပူရရောက် အင်္ဂလိပ်သံမှူးဟင်နရီထူးက တံတားကြီးပုံတူကို ရေးဆွဲဖော်ပြပြီး ရေးခဲ့သည်ဟု ဆရာကြီးဦးမောင်မောင်တင် (မဟာဝိဇ္ဇာ) က ပြောဖူးသည်။ စာရေးသူအနေဖြင့်ဟင်နရီထူး ရေးဆွဲသည့် ပုံကိုမြင်ဖူးသော်လည်း ရေးခဲ့သည့်စာကိုမဖတ်ဖူးပါ။ သို့သော် တက္ကသိုလ်နေ၀င်း ဘာသာပြန် အင်းဝရောက်ဗြိတိသျှသံ စာအုပ်တွင် “တံတားကြီးသည် အသစ် စက်စက်ဖြစ်ပြီး ကျွန်း၀ရန်တာနှစ်ဖက်တွင် ပန်းပုပန်းနွယ်တို့ဖြင့် ပြုလုပ်ထားသည်” ဟု အတိအကျဖော်ပြထား ပါသည်။

သမိုင်းပါမောက္ခဒေါက်တာကျော်သက်ရေးသားသည့် မြန်မာနိုင်ငံသမိုင်းစာ အုပ် စာမျက်နှာ ၃၇၄ တွင်ပုဂံမင်း (၁၈၄၆-၁၈၅၂)နှင့် ပတ်သက်ပြီး “ပုဂံမင်းသည်စကုတွင် ဆည်မြောင်းကန်ချောင်းများကို ဖောက်လုပ်သည်။ ထိုဒေသများတွင် စေတီပုထိုးတည်ထားသည်။ သာသနာ့ဘောင်သို့ဆွေမျိုးများကို သွတ်သွင်းချီးမြှင့်၍ သာသနာ့ဒါယကာအဖြစ် ခံယူခဲ့သည်။ ညောင် ရွှေစော်ဘွား၏ သမီးတော်နှင့် လက်ဆက်သည်။ သူပုန်ထခြင်းကို ငြိမ်သက်ပိပြားအောင် ပြုလုပ်သည်။ တရုတ်နိုင်ငံမှ သံတမန်အဖွဲ့ကို တန်းတူနိုင်ငံမှစေလွှတ်သော သံအဖွဲ့ကဲ့သို့ လက်ခံပြုစု သည်။ နိုင်ငံခြားသားများက ပုဂံမင်း၏အကြောင်းကိုပြောဆိုသည်မှာ တစ်မျိုးတစ်ဖုံမူကွဲလေသည်။

၎င်းတို့အဆိုအရထင်ရှားသည့်အချက်ကား ပုဂံမင်းသည်တန်ခိုးအာဏာကို အလွဲသုံးစားပြုသည် ကိုလည်းကောင်း၊ တိုင်းကျိုးပြည်ကျိုးကို ဆောင်ရွက်ခြင်းမပြုဟုလည်းကောင်း ဆိုကြသောအချက် ဖြစ်သည်။ တိုင်းရေးပြည်ရာကို မင်းကလျစ်လျူရှုထားသည့်အတွက် တန်ခိုးအာဏာကိုအလွဲသုံးစား ၍ ဟော့ရမ်းမှုပြုကျင့်သူများပေါ်ပေါက်ခဲ့သည်။ ဥပမာ-အမရပူရမြို့၀န်ဖြစ်သောပသီမောင်ဘိုင်ဆပ် နှင့်မောင်ပိန်ကဲ့သို့သော ဟော့ရမ်းသူများ ပေါ်ပေါက်ခြင်းပင်ဖြစ်သည်။”

တစ်ဖန်စာမျက်နှာ(၃၇၅)တွင်”…..နောက်ဆုံးတွင်အများပြည်သူတို့သည် အကြောင်းစုံကို သိကြ၍ ၎င်းတို့နှစ်ဦးလွန်စွာမုန်းတီးလာသောအခါ ပြည်သူတို့ကျေနပ်စေရန် ပုဂံမင်းကကွပ်မျက်သုတ်သင် လေသည်။” ဟု ဒေါက်တာကျော်သက်က တင်ပြထားပါသည်။

ဒေါက်တာကျော်သက်၏တင်ပြထားချက်သည် ယထာဘူတကျမည် ထင်ပါသည်။ မြို့၀န်ဘိုင်ဆပ်၊ ဦးပိန်နှင့် ပုဂံမင်းသားတို့သည် ငယ်စဉ်က တောင်သမန်အင်း အနောက်ဘက်ရှိဘုန်းတော်ကြီးကျောင်းတွင် စာအတူသင်ခဲ့ကြသည်။ ဘိုင်ဆပ်သည် ပုဂံမင်း၏လူပျိုတော်တစ်ဦးဖြစ်ပြီး မင်းသားအလိုကျဆောင်ရွက်ခစားရသူဖြစ်သည်။

ပုဂံမင်းနန်းတက်သောအခါ ဘိုင်ဆပ်၏အရည်အသွေးကိုငယ်စဉ်ကပင်သိ၍ မြို့၀န်ခန့်ပြီး ဦးပိန်ကို မြို့စားရေးခန့်အပ်ခဲ့လေသည်။ ဘိုင်ဆပ်အကြောင်းကို ယခင်ဆောင်းပါးတွင် ရေးသင့်သလောက် ရေးပြီးပြီးဖြစ်သည်။ ထို့ကြောင့်မြို့စာရေး ဦးပိန်အကြောင်းကိုသာ ဆက်လက်ဖော်ပြလိုပါသည်။

ဦးပိန်သည်(၁၁၆၈-၁၂၁၃)လည်း မဏိပူရ ကသဲ(ကသည်း) သူကြွယ်မျိုးရိုးမှ ဆင်းသက်လာသူဖြစ် သည်။ စာရေးသူက အထက်တွင် ဦးပိန်၏ကောင်းမှုမှာ ရေကန်နှစ်ကန်သာ ဖြစ်သည်ဟု ဆိုသော် လည်း သူ့အဆက်အနွယ်တို့၏ ပြောပြချက်အရ ဦးပိန်သည် တောင်သမန် တံတားကြီး အပါအ၀င် တံတား ၁၁စင်း၊ ရေကန် ၁၁ကန် ကောင်းမှုပြုခဲ့သည်ဟုဆိုပါသည်။ ဦးပိန်တွင် ဒေါ်ခင်ခင်ကြီး၊ ဒေါ်ဒေါ်စိန်၊ ဒေါ်ငယ်နှင့် အခြားအမည်မသိ ဇနီး ၄ ဦးရှိသည်ဆိုသည်။ ဒေါ်ခင်ခင်ကြီးမှ သူကြီး ဦးဥာဏ်ကိုမွေးသည်။ ဒေါ်ဒေါ်စိန်မှ ဦးသာရွှန်းဆိုသူကို မွေးသည်။ ဒေါ်ငယ်မှ ဦးဖေလင်းနှင့် ဦးသာချစ်ကယ်တို့ကို မွေးသည်။ အမည်မသိ ဇနီးမှ ဦးရှင်နှင့်ဦးဖိုးသင်တို့ကို မွေးသည်ဆိုရာ ဦးပိန်၌ သား ၆ ယောက်သာရှိပြီး သမီးရှိပုံမရပေ။ ထိုသား ၆ ယောက်မှ ဆင်းသက်လာသည်မှာ မြေး၊ မြစ်၊ တီ၊ တွတ်၊ ကျွတ်၊ ဆက်သို့ပင်ရောက်နေပြီဖြစ်ပါသည်။ ထိုမျှပင်ကမည်မဟုတ်ပါ။ ဦးပိန် ၏အဆက်အနွယ်များသည် ယခုအခါ ဦးရေအားဖြင့် ၁၀၀ခန့်မက ရှိမည်ဟုဆိုပါသည်။

ဤဆောင်းပါးကိုရေးရခြင်းဖြစ်သည်မှာ တောင်သမန် တံတား ဒါယကာဦးပိန်ဘက်မှ အကောင်းမြင် ဝါဒတစ်ခု တည်းဖြင့် ရေးသားခြင်း မဟုတ်ပါ။ မြို့၀န်ဘိုင်ဆပ်နှင့် ဦးပိန်တို့သည် ပသီ(အစ္စလာမ်ဘာသာ၀င်) ဖြစ်ခဲ့ကြသော်လည်း အိန္ဒိယမှလာသူများ မဟုတ်။ မဏိပူရ၊ ကူကီချင်း၊ ကသဲ(ကသည်း)၊ စော်ဘွား မျိုး၊ သူကြွယ်မျိုးတို့မှ ဆင်းသက်လာသူများဖြစ်သည်ဆိုသည်ကတစ်ကြောင်း၊ မင်းလိုလိုက် မင်းကြိုက်ဆောင်ရာတွင် မြို့၀န်နှင့်မြို့စာရေးတို့ဖြစ်၍ အခွင့်အရေးယူကောင်းယူနိုင်ပါသည်။ သို့သော်တောင်သမန်အင်းကိုဖြတ်၍ တံတားကြီးဆောက်ရာ၌အာဏာသိမ်းရန် ကြံစည်သည်ဟူသော အရေးအသားသမိုင်းတွင် ရှာ၍ပင်မတွေ့ရဆိုသည်ကတစ်ကြောင်း၊

ဘိုင်ဆပ်နှင့် ဦးပိန်တို့ မင်းပြစ်မင်းဒဏ်သင့်၍ ကွပ်မျက်ခံရပြီးနောက် ဘုရင့်ယောက်ဖဦးကျောက်လုံး မြို့၀န်ဖြစ်လာခြင်းဖြင့် ထိုသူ နှစ်ဦး အပေါ် အထင်အမြင် လွဲမှားစေသော အရေးအသားများ မည်သည့်ဘက်မှ လာခဲ့သည်ကို သိရ်ှိလောက်ပါသည်။ ပုဂံမင်း သစ္စာခံ ဘက်တော်သား ဆူးငြောင့်ခလုတ်အားလုံးကို တောရှင်းထားပြီး သောကြောင့်သာ ပုဂံမင်းကိုလွယ်လင့်တကူ နန်းချနိုင်ခဲ့သည်ဟု ပြောနိုင်ပါသည်ဆိုသည့်အကြောင်း တို့ကို ဖော်ပြလို၍ ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ တံတားကြီးများ အမျိုးမျိုးအနက်၊ ယနေ့ အမရပူရမှတောင်သမန်တံတားကြီးဟုပင် ခေါ်ခေါ် ဤတံတားကြီးသည် မြန်မာနိုင်ငံ တွင် လည်းကျော်ကြား၊ ကမ္ဘာနှင့် ချီ၍လည်းကျော်ကြားသော တံတားကြီးဖြစ် ပါသည်။ မြန်မာနိုင်ငံသို့လာသည့် တိုင်းတစ်ပါးသား တိုးရစ်များ ကလည်း ဤ တံတားကြီးကို လာကြည့်ဖြစ်အောင် လာကြည့်ကြ ရသည်။ နိုင်ငံတော် အစိုးရ၊ ယဉ်ကျေးမှု၀န်ကြီးဌာနမှလည်း တံတားကြီး၏တည်တံ့ခိုင်မြဲရေးကို တာ၀န်ယူ၍ စောင့်ရှောက်နေရသည်။ လူအများ ကလည်း ဝိုင်း၀န်းကူညီစောင့်ရှောက်ကြရမည်။  (တစ်လောက တိုင်တစ်တိုင်တွင် ဆေးလိပ် မီးထည့် ခဲ့၍ ထိုတိုင်မီးလောင် သွားရသည်။) မည်သို့ပင်ဆိုစေ တောင်သမန်အင်းနှင့် အင်းဖြတ်တံတား၊ တံတားဒါယကာ ဦးပိန်တို့၏ အမည်များကိုကားတွဲလျက် အစဉ်သတိရနေကြမည်သာ ဖြစ်ပါသည်။

မောင်သန်းဆွေ၊ ထား၀ယ်၊

ကိုးကားချက်
၁။ ကုန်းဘောင်ဆက် မဟာရာဇ၀င်တော်ကြီး(တတိယတွဲ)
၂။ မောင်သန်းဆွေ (ထား၀ယ်)
ထီးဓလေ့၊ နန်းဓလေ့
၃။ တက္ကသိုလ်နေ၀င်း အင်းဝရောက် ဗြိတိသျှသံ(ဘာသာပြန်)
၄။ မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၄
၅။ ဒေါက်တာကျော်သက် မြန်မာနိုင်ငံသမိုင်း
၆။ ဦးမောင်မောင်ကြီး(မန်း) ဘိုင်ဆပ်၏ မြန်မာအမည် ဦးအောင်မြတ်အကြောင်းစာတမ်း
၇။ မောင်မြသန်း မောင်၀မ်ဆန်း(သံဖြူဇရပ်)သို့ အိတ်ဖွင့်ပေးစာ
၈။ ဦးပိန်အနွယ်ဆက်များ ပြုစုထားသည့် စာရေးတော်ကြီးဦးပိန်၏ ဆွေစဉ်မျိုးဆက်ဇယား



၂၀၁၅ ဇွန်လ ထုတ် ရွှေအမြုတေ မဂဇင်းမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
credit M Media

Comments